နေပြည်တော်၌ကျင်းပမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် ထားဝယ်ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တွေ့ဆုံအားပေးစကားပြောကြား

ထားဝယ်         ဖေဖော်ဝါရီ ၂

နေပြည်တော်၌ကျင်းပမည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ကပြရမည့် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု ထားဝယ် ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့နံနက် ၁၀ နာရီ တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတက်ရောက်လာသူများအား ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ က တိုးတက်ဝေစီ တနင်္သာရီ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုသွားရောက်ဖျော်ဖြေမည့် အက အဖွဲ့များအနေဖြင့် အရေးကြီးဆုံးက ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ နေပြည်တော်၌ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ဖျော်ဖြေရမှာဖြစ်သောကြောင့် တိုင်းဒေသကြီး ဂုဏ်နှင့်သက်ဆိုင်၍ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ အနေဖြင့် မိသားစုသဖွယ် ချစ်ချစ်ခင်ခင်ရင်း နှီးစွာဖြင့်နေထိုင်ပြောဆိုကြရန် လိုအပ်ကြောင်း၊ ညီအစ်ကိုမောင်နှမရင်းသဖွယ် ညီညီညွတ်ညွတ်ဖြင့် သွားရောက်ရမှာဖြစ်ကြောင်း၊ လိုအပ်ချက်များရှိပါက အဖွဲ့ခေါင်းဆောင်အားတင်ပြရန်လိုအပ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြု ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား တာဝန်ရှိသူများထံပေးအပ်ခဲ့သည်။

အဆိုပါထားဝယ်ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များအား အဖွဲ့ခေါင်းဆောင် ဒေါ်မွန်မွန်အေး ဦးဆောင်၍ နေပြည်တော်၌ ကျင်းပမည့်(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင်ထားဝယ်ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)