မြဝတီ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ကုန်သွယ်ရေးဝန်းအတွင်းတွင် တစ်ဖက်ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော တစ်ဖက်နိုင်ငံ အခွန်ကောက်ခံမှု သက်သာခွင့်ပုံစံ(Form-D)ဖြင့် ဖေဖော်ဝါရီလ(၁) ရက်နေ့မှစတင်ပြီး တင်ပို့ခွင့်ရရှိသည့်အတွက် အဆိုပါ ပြောင်းတင်ပို့မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုတွင် မိမိနိုင်ငံမှ အဓိကတင်ပို့သည့် လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သည့် ပြောင်းတင်ပို့မှု၌ တစ်ဖက်နိုင်ငံမှ ကိုတာစနစ်ဖြင့် သတ်မှတ် နှစ်စဉ် ဖေဖော်ဝါရီလမှ သြဂုတ်လအထိ (၇)လတင်သွင်းခွင့် ပြုလုပ်ရှိပါကြောင်း အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခက်အခဲ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုပါကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက နှစ်စဉ် ပြောင်းတင်ပို့မှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးဆွေတင့်၊ မြဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးမင်း၊ မြဝတီခရိုင်ပိုးမွှားထိန်းချုပ်ရေးတာဝန်ခံ ဦးအောင်သူတို့က သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နှင့် တက်ရောက်လာသည့် ကုမ္မဏီများမှ တာဝန်ရှိသူများ၊ အေးဂျင့်များမှ သက်ဆိုင်ရာ လုပ်ငန်းအခြေအနေများနှင့် သိရှိလိုသည်များ မေးမြန်းတင်ပြကြရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်သည် ပြောင်းတင်ပို့နေမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်