လှိုင်းဘွဲ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဘားအံ-လှိုင်းဘွဲ လမ်းမပေါ်ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးဝင်းအတွင်း၌ ၂၀၂၀-၂၀၂၁ ခုနှစ်၊ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော မိုးလုံ၊ လေလုံ အားကစားခန်းမ ဖွင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါမြို့နယ် မိုးလုံ၊လေလုံအားကစားဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးရာ ဝန်ကြီး ဦးစိုးလွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကို၊ လှိုင်းဘွဲ စစ်ဗျူဟာ အခြေချ အဖွဲ့မှ ဗိုလ်မှူးကြီး စံထူးကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်မှူး ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး သိန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက မြို့နယ်အားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်အေရိုးဗစ်အဖွဲ့များနှင့် ပြည်နယ်လက်ရွေးစင် Myanmar Fitness Dance အဖွဲ့တို့မှ သရုပ်ပြဖျော်ဖြေကပြပေးခဲ့ကြပြီး ဖဲကြိုးကိုင် ကျောင်းသူ လေးများနှင့် သရုပ်ပြအကအဖွဲ့များကို ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြို့နယ် မိုးလုံလေလုံအားကစားခန်းမကို ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်ထောင်စ ဘဏ္ဍာရန်ပုံငွေကျပ်သိန်း ၂၇၉၆ ဖြင့်အလျား ၁၂၀ ပေ၊အနံ ၉၀ ပေ၊ အမြင့် ၂၂ ပေ၊ Steel Structure အမျိုးအစားဖြစ်ပြီး မြသီတာအောင်စိုးစိုး ကုမ္ပဏီမှတာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)