ကော့သောင်း ဖေဖော်ဝါရီ ၂
နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ်(၁၀)ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း အလုပ်သမား (၁၁၂)ဦး ဖေဖော်ဝါရီ ၁ ရက်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတစ်လျှောက် အကြောင်း အမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုဖြစ်ပေါ်နေသဖြင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင် လာခြင်းရှိ/မရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်များတွင်နေထိုင်သူများကို မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ချက်ခြင်းပို့ဆောင်ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူကြရမည်ဖြစ်သည်။ ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် နေထိုင်သူများကိုမူ ကော့သောင်းမြို့ရှိ Quarantine Center (၂)ခုတွင် အမျိုးသားအမျိုးသမီး သီးခြားခွဲခြား ထားရှိ အထူးကြပ်မတ်ကာ Facility Quarantine (၁၀)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)