ကော့သောင်း ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တည်ထားကိုးကွယ်သည့် မြို့ကျက်သရေဆောင် ပြည်တော်အေး စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်အား မြို့ခံပြည်သူများ အနီးကပ်ဖူးမြော် ကြည်ညိုနိုင်ကြစေရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့တွင်း လှည့်လည်အပူဇော်ခံခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတောင်ဖက်စွန်း ထိုင်း-မြန်မာနယ်စပ်မြို့ပင်လယ်ဝန်းရံလျက်ရှိသည့် ကော့သောင်း မြို့သည် ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရာ မြို့တစ်မြို့ဖြစ်ပြီး စေတီဘုရားကျောင်းကန်နှင့် သာသနိက အဆောက်အအုံများဖြင့် တင့်တယ်ကြည်ညို ဖွယ်ရာများ အနက် ရှေးအစဉ်အဆက်ကတည်းက မြို့တွင် အစောဆုံး တည်ထားကိုးကွယ်ထားခဲ့သည့် မြို့ကျက်သဆောင် ပြည်တော်အေး စေတီတော်ကြီးသည် သဘာဝရာသီဥတုဒဏ်ကြောင့် စေတီတော်တွင် ရွှေသားများ နည်းပါးလာခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ် နားတော်တို့အား ပြန်လည်ပြင်ဆင် မွမ်းမံရန် လိုအပ်လာခြင်း၊ စေတီတော်အတွင်းမှ သစ်စေးများ ယိုထွက်လာမှုကြောင့် စေတီတော် တင့်တယ် သပ္ပာယ်ကြည်ညိုဖွယ်ဖြစ်စေရန် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီး များ၏ သြဝါဒခံယူကာ ကော့သောင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့မိမြို့ဖ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် စေတီတော်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အားမွမ်းမံပြင်ဆင်ကာ စေတီတော်အား လာမည့် တပေါင်းလပြည့်နေ့တွင် လုံးတော်ပြည့် ရွှေသင်္ကန်း ပြန်လည်ကပ်လှူပူဇော်သွားမည်ဖြစ်သည်။
နယ်စပ်မြို့ဖြစ်သည့်နှင့်လျော်ညီစွာ ဗုဒ္ဓသာသနာတော် အစဉ်ထွန်းလင်းတောက်ပနေစေရန်နှင့် မြို့ကျက်သရေဆောင် စေတီတော် ကြီး၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တို့အား မြို့နေ ပြည်သူများ အနီးကပ်ဖူးမြော်ကြည်ညိုနိုင်ကြစေရန် ရည်ရွယ်ကာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများ၊ ကြီးကြပ်မှုဖြင့် မြို့တွင်းသို့ ဒေသစာရီလှည့်လည်အပူဇော်ခံခြင်းဖြစ်ရာ မြို့မိမြို့ဖအလှူရှင်များ၊ မြို့ခံ စေတနာရှင်အလှူရှင်များမှ စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်း ပြန်လည်ကပ်လှူပူဇော်နိုင်ရန် မိမိတို့နေအိမ်ရှေ့မှ စေတနာ အလျောက် အလှူငွေများလှူဒါန်း ပါဝင်ကုသိုလ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး(ကော့သောင်း)