ရှမ်းရွာသစ် ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်း ရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂) ရပ်ကွက်၊ ပန်းခြံရှေ့ အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံး ပြုလုပ်ခြင်းလုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် နိုဝင်ဘာလမှ စတင် ဆောင်ရွက် လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ က အနီးကပ်ကြီးကြပ်၍ အရှည် (၅၀၁)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့် (၂)ပေရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၄,၆၀၀,၀၀၀/-)သိန်းဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုကြောင့် ယခင်ကထက် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်လာပြီး မြို့သန့်ရှင်းသာယာလှပသွားပြီး ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး (ပြန်/ဆက်)