ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအုပ်စု၊ ကမ္ဘားနီကျေးရွာ၌ ဆိုလာစနစ်ရေပေးရေး လုပ်ငန်းဖွင့်လှစ်

ရေတာရှည်  ဖေဖော်ဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု အတွင်းရှိ ကမ္ဘားနီကျေးရွာ၌ အင်ဂျင်စနစ်မှ ဆိုလာဖြင့် ရေပေးရေးလုပ်ငန်း ဖွင့်လှစ် ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌဦးဥက္ကာသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးရန်နိုင်ညွန့်မှ စက်သုံးဆီသုံးစွဲ ရသောအင်ဂျင်အစား လောင်စာဆီကုန်ကျမှုမရှိသည့် ဆိုလာစနစ်ဖြင့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ရေရှည် အကျိုးရှိပုံများ ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်သန်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးဌေးဝင်းအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ရေစက်ရုံအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

အဆိုပါ ရေပေးရေးစနစ်ပြောင်းလဲရေး ပေးရေးလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၁-၂၀၂၂ခု၊ ၆ လ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၅ ဒသမ ၃၁၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ ရေပေးရေးစနစ် ပြောင်းလဲနိုင်ခြင်းကြောင့် ကမ္ဘားနီကျေးရွာရှိ အိမ်ထောင်စုပေါင်း ၉၅ စု၊ လူဦးရေ ၃၃၉ ဦးအတွက် အဆင်ပြေစွာ သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)