အမာ ဖေဖေါ်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်လေးလီယန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အမာ၊ အထကကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူကလေးများက မြတ်နိုးချစ်ခင်ပတ်ဝန်းကျင်စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်ဂိမ်းကစားခြင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်း သူများမှ အရုပ်နှင့်အမည် တွဲဆက်ပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲများဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)