သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက်  ဖေဖော်ဝါရီ  ၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား သရက်မြို့နယ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့သည်။ ယင်းနောက် သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ ဖူဆယ်အသင်း (၁၃) သင်းမှ စမ်းအိုင့်အသင်းနှင့် အမှတ်(၅-ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှု အားပေးခဲ့သည်။ ဖူဆယ်ပြိုင်ပွဲများအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဖူဆယ်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ထက် (သရက်)