ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ဘားအံ ဖေဖေါ်ဝါရီ  

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်း အမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားသို့ ပြည်နယ်သံဃနာယကဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက် ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်သံဃ နာယကဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ တိုင်းရင်း သားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆူပူအကြမ်းဖက်ဖြစ်စဉ်များနှင့်အရေးယူနိုင်မှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်မှု၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မှု၊ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ စည်ပင်သာယာရေးလုပ်ငန်းများ၊ အားကစားကဏ္ဍဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဘက်စုံထူးချွန်သော ဌာန/ကျောင်း နှင့်အခြေခံပညာကျောင်းများ၊ ကျောင်းတက်သင်ကြားမှုရာနှုန်းအကောင်းဆုံးကျောင်းများ၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထူးချွန် ခရိုင်၊ မြို့နယ်နှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြေး၊ခုန်၊ပစ်ပြိုင်ပွဲတွင် ဆုရအားကစားသမားများ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် နိုင်ငံတော်မှချီးမြှင့်သည့် ရဲဗလ တံဆိပ်ရပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်မည့် ကရင်ပြည်နယ်ယဉ်ကျေးမှုကိုယ်စားလှယ်များနှင့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စု နေ့ဂုဏ်ပြု အခမ်းအနား (ဂုဏ်ပြုခံအခမ်းအနား)သို့ တက်ရောက်မည့် ကရင်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့က ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအက၊တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ဗလာမပါကံစမ်းမဲကို မဲနှိုက်ဖွင့် ဖေါက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူ ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော  အရာထမ်း၊ အမှုထမ်း ၁၈၇ ဦးအား ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ ဗလာမပါကံစမ်းမဲများအား ဖွင့်ဖေါက်ပေးခဲ့သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် လွန်ဆွဲပြိုင်ပွဲ၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ ချောတိုင်တက်၊ စကောရွက်၊ ဂုံနီအိတ်စွပ်၊ ခေါင်းအုန်းရိုက်၊ အာလူးကောက်၊ စမောဂိုး၊ ဖယောင်းတိုင်မီးထွန်း အစရှိသည့် ပြောပွဲရွှင်ပွဲနှင့်အား ကစားပြိုင်ပွဲ များကို ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆုရရှိသူများအား ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)