ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့်အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ သာယာဝတီမြို့နယ်၌ကျင်းပ

သာယာဝတီ   ဖေဖော်ဝါရီ   ၂  

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တည်ဆောက်ရေး ၉လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အဆိုပါတည်‌ ဆောက်ရေး-၉လမ်း၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ခိုင်က ဒေသလိုအပ်ချက်ဖြင့် နှစ်စဉ်စီမံကိန်းလျာထားချက်များအရ လမ်း၊တံတား၊ ရေပေးရေး လုပ်ငန်းများ ကိုနိုင်ငံတော်ထောက်ပံ့ငွေ၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေ၊ သဘာဝဘေး အန္တရာယ်နှင့် ကယ်ဆယ်ရေးရန်ပုံငွေ၊ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ၊ ဒေသခံအလှူရှင် များမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့်တည်ဆောက်ရေး-၉လမ်းသည် ပေအရှည် (၁၈၂၆ပေ)ရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း(၇၅၀ပေ×၁၂ပေ× ၈လက်မ)အား မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရန်ပုံငွေ(၂၃.၈၆၄)သန်း လည်းကောင်း၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ရွှေသစ္စာမင်းကုမ္ပဏီမှ ယခုဖွင့် လှစ်သည့်ကွန်ကရစ်လမ်း (၁၀၆၀ပေ×၁၂ပေ× ၈လက်မ) အားကုန်ကျငွေ(၃၉.၄၄) သန်းဖြင့် လည်းကောင်း ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေး-၉လမ်းသည် ရုံးဌာနများ၊ စာသင်ကျောင်း များတည်ရှိပြီး ကျေးလက်ဒေသများဖြစ်သည့် ဇိမ်ဇာကျေးရွာအုပ်စု၊ ကြောင်ညှာကုန်း ကျေးရွာအုပ်စု၊ စခန်းကြီး ကျေးရွာအုပ်စုနှင့် လှည်းလမ်းကူး ကျေးရွာအုပ်စု များသို့ ဆက်သွယ်ထား ရှိသောလမ်းဖြစ်၍ စိုက်ပျိုးရေးအတွက်အားထားရသော သုံးဆယ်ရေလှောင်တမံသို့ သွားရောက်ရာ လမ်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေပြီး ပြည်သူများ အတွက်အကျိုး သက်ရောက်မှုရှိသော လမ်းဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် တည်ဆောက်ရေး-၉လမ်း ကွန်းကရစ်လမ်းကို တာဝန်ရှိသူများ ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းကွန်ကရစ် လမ်းအားလှည့် လည်ကြည့်ရှုခဲ့ကြသည်။

ယင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်ဒေသခံပြည်သူ(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ထို့နောက် ခရိုင်အားကစားခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ပေါင်းစုံ (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ကိုကျင်းပပြုလုပ် မည်ဖြစ်ပြီး ယနေ့တွင် မြို့နယ် မီးသတ်အသင်း-၂နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အသင်းတို့ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ပါကြောင်း အဆိုပါ အလွတ်တန်း ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့ မှ ၁၀ရက်နေ့အထိ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါကြောင်း သိရှိရသည်။

အေးခိုင်(သာယာဝတီ)