လေရှီး ဖေဖော်ဝါရီ ၂
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်က အမှာစကားနှင့်အတူ အဆိုပါကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် စပ်လျဉ်၍ လည်းကောင်း၊ အဆိုပါကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျေးရွာနေပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း ရှင်းလင်းတိုက်တွန်းပြောကြာခဲ့သည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးလာသောကြောင့် ကျောင်းသား/သူများ၊ မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနေပြီဖြစ်သောကြောင့် အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ရေဒေါင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယိုင်ဆက်က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ခလရ(၅၂) ရှေ့တန်းတပ်စခန်းတပ်ရင်းမှူး ဖြိုးဝေလင်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်၊ မြို့မိမြို့ဖ ဦးမြင့်အောင်နှင့် ရေဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိုင်ဆက်တို့က အဆိုပါရွာတွင်းလမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အရှည်မိုင်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေနှင့် ၇ လက်မထုရှိသော ကွန်ကရစ်လမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၉၂.၅၆၄) ကျပ်သန်းဖြင့် လာဘ်ကောင်းကင်ကုမ္ပဏီမှ (၁၀-၁၂-၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး (၃၀-၆-၂၀၂၁) ရက်နေ့တွင် (၁၀၀%)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ရာ ယခင်က ဆိုးရွားလှသောလမ်း အခြေအနေကြောင့် မိုးရာသီကာလများတွင် ကျောင်းသား/သူများ ကျောင်းသွားလာရန် အတွက်ပင်လျှင် အလွန်ခက်ခဲခဲ့သော်လည်း ယခုအချိန်တွင် ရေဒေါင်ကျေးရွာနှင့် လေရှီးမြို့ပေါ်ရှိ ကျောင်းများ၊ ရုံးများ၊ မြို့ပေါ်ရပ်ကွက်များသို့ ရာသီမရွေး သွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားမှတစ်ဆင့်သိရသည်။
စံကျော်ဦး