ရွှေဘို ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ် (၁၀)ရပ်ကွက်ရှိ ဂေါက်ကွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါကွန်ကရစ်လမ်းပေါ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထိုနောက် ရွှေဘိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦး ကကွန်ကရစ် လမ်းသစ်နှင့် ပတ်သက်ပြီး ဂေါက်ကွင်းလမ်းသည် ယခင်က ၁၂ ပေအကျယ်ကတ္တရာလမ်းဖြစ်ကြောင်း တိုင်းဒေသကြီး ဘတ်ဂျတ်ရန်ပုံငွေ ကျပ် ( ၁၇၇.၉၉)သန်းဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၂ နှစ် ပေါင်းပြီး အကျယ် ၁၈ ပေ၊ အမြင့် ၉ လက္မ ၊အရှည် ၄၃၅၀ ပေ ရှိကွန်ကရစ်လမ်း အဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကွန်ကရစ်လမ်းသစ်အား ရွှေဘိုခရိုင်တပ်နယ်မှူး၊ ဗိုလ်မှူးကြီးအောင်အောင်၊ ရွှေဘိုခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ရွှေဘိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးသန်းဦးတို့ကဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)