အောင်လံ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ဖြန့်ဝေပေးသော “ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆိုင်းဘုတ်တွင် “ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” သင်အလုပ်ခန့်မည့် ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေးများအား အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးပါ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မလုပ်စေရပါ၊ အလုပ်လုပ်သောကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာ သင်ယူရေးတိုက်တွန်းစီစဉ်ပေးပါ၊ မည်သည့်အလုပ်ရှင်မဆို ကလေးအလုပ်သမား ဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက (၆)လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေကျပ် သိန်း(၁၀၀) ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။ မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ပေးကြပါ၊ ဥပဒေအရ တရားဝင်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာအကွယ်ပေးကြပါ၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကြောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးကြပါ စသည့် အကြောင်းအရာများပါဝင်ပါသည်။
ထိုဆိုင်းဘုတ် စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)