ချောင်းဦး ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများမရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်နေ့က ချောင်းဦးမြို့ စည်ပင်သာယာ စျေးကြီးအတွင်း လျှပ်စစ်ဝါယာကြိုးများ လိုက်လံစစ်ဆေးပြီး မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ ခေတ္တမြို့နယ်မှူးရဲမှူး မိုးကျော်အောင်၊ လဝကမြို့နယ်ဦးစီးမှူး ဦးသန်းထိုက်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဘိုဘိုထွန်း၊ မြို့နယ်စည်ပင် အမှုဆောင် အရာရှိ ဦးကြည်သန့်ဝင်းနှင့် အဖွဲ့ဝင်များ စုပေါင်းပြီး စည်ပင်သာယာစျေးကြီးအတွင်း ဆိုင်ခန်းများတွင် သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများကို စစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်က မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အသုံးပြုခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယနေ့အချိန်အထိ ၂ နှစ်အတွင်း မီးလောင်မှု ၄ကြိမ်သာ ဖြစ်ပွါးခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ၆၁ သိန်း၆ထောင်သာရှိကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများမှ သိရှိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)