ထားဝယ် သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၂၅ ရက် နေ့လည် ၁ နာရီအချိန်တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်သူ ဦးစီးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ မေတ္တာလမ်း၊ နန်းတော်ရာဘုန်းကြီးကျောင်းရှေ့မုဒ်ဝအနီးအတွင် မသင်္ကာဖွယ်တွေ့ရှိသော သူရစိုး(၂၁)နှစ်နှင့် ဇော်ဦး (၂၀)နှစ်တို့အား ရှာဖွေစစ်ဆေးရာ သူရစိုးဆောင်းထားသည့်ဦးထုပ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၁၀)ပြားနှင့်ဇော်ဦး၏လွယ်အိတ်အတွင်းမှ မူးယစ်ဆေးဝါးသုံးဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိပြီး သူရစိုးနေအိမ်သို့ထပ်မံရှာဖွေစစ်ဆေးရာ နေအိမ်မီးဖိုဘေးပြာပုံအောက်မှ WY စိတ်ကြွရူးသွပ်ဆေးပြား(၇၉၀)ပြားအား တွေ့ရှိသိမ်းဆီးရမိသဖြင့် ၎င်းတို့(၂)ဦးအား ထားဝယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
အလားတူ ကော့သောင်းမြို့၊ အမှတ်(၃၄)မူးယစ်ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဇင်မိုးဦး ဦးစီးပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၅ ရက် ညနေ ၅ နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ စံပါယ်လမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ဖြိုးဇော်အောင်(ခ) ဂျင်အော (၂၈) နှစ်အား ရှာဖွေစစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၃၅) ပြားအားတွေ့ရှိသိမ်းဆည်းရမိပြီး စစ်ဆေးမေးမြန်းရာ ပိတောက် ရွှေဝါရပ်ကွက်နေ ဇော်မင်းနိုင် (ခ) အားလူး (၂၉) နှစ်ထံမှဝယ်ယူရရှိကြောင်းသိရှိသဖြင့် ဇော်မင်းနိုင်(ခ) အာလူးနေအိမ်သို့ ထပ်မံဝင်ရောက်ဖမ်းဆီးရာ ဘိန်းစာမှုန့် (၁၂) ဂရမ်ပါ (၁) ထုပ်နှင့် မူးယစ်ဆေးဝါးသုံးဆက်စပ်ကိရိယာများအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းတို့ (၂) ဦးအား ကော့သောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(ရဲပြန်ကြား)