မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေး

အထက်မင်းလှ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင် ဆောက်လုပ်နေမှု အခြေအနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်ရန် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်လှူဒါန်းငွေနှင့်စေတနာရှင်ပြည်သူများ စုပါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး အဆောက်အဦမှာ အလျား ၇၀ပေ၊ အနံ ၂၆ ပေ၊ အမြင့်၁၀ပေ Steel Structure  တစ်ထပ်ဖြစ်ပြီး ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်မှု အခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)