ထားဝယ် သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးကျေးရွာနေလူငယ် (၅) ဦးအား အမည်မသိလူငယ် (၁၅) ဦးခန့်က အုပ်စုဖွဲ့ဓားဖြင့်ခုတ်သဖြင့် မြိတ်မြို့မရဲစခန်းအမှုဖွင့်ကာ စုံစမ်းစစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက် ညနေ ၆ နာရီခွဲအချိန်တွင် မောင်----သည် ညီဖြစ်သူ မောင်----၊ သူငယ်ချင်း(၃)ဦးနှင့်အတူ မြိတ်မြို့၊ ကမ်းနားလမ်းဘက်သို့ အလည်ပတ်သွားရောက်ခဲ့ပြီး ည ၈ နာရီခွဲအချိန် Sea View Comdo ရှေ့မှ ပြန်လာခဲ့ကြောင်း၊ မြိတ်ကုန်တိုက်နားအရောက်တွင် အမည်မသိလူငယ် (၁၅) ဦးခန့်ကိုတွေ့ရှိရပြီး ၎င်းတို့ရှေ့မှ ဆိုင်ကယ်အားဖြတ်မောင်းစဉ် မောင်---တို့အား မကြားဝံ့မနာသာအောင် ညစ်ညမ်းစွာဆဲဆိုသဖြင့် ၎င်းမှဆိုင်ကယ်အားရပ်တန့်၍ အောက်ဆင်းခဲ့ရာ အဆိုပါလူငယ်(၁၅)ဦးခန့်မှ လက်သီးဖြင့်ဝင်ရောက်ထိုးကြိတ်၊ ဓားနှင့်ခုတ်သဖြင့် ထွက်ပြေးခဲ့ကြရကြောင်း၊ ထိုလူငယ်များမှ ကျန်ခဲ့သော ၎င်းတို့၏ဆိုင်ကယ်များအား ဓားနှင့်ခုတ်ခဲ့ပြီး ထွက်သွားကြကြောင်း သိရှိရသည်။
အမှုနှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ဖြိုးနိုင်ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ကျော်ဝင်း(ခ)ကာရံပါ(၁၀)ဦးအား သက်သေခံပစ္စည်းဓား (၃)ချောင်းနှင့်အတူ ၎င်းတို့နေအိမ်အသီးသီးတွင်ဖမ်းဆီးရမိပြီး ကျန်ရှိသူများအား ဆက်လက်ဖော်ထုတ် အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
(ရဲပြန်ကြား)