မင်းဘူး ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော ဖန်ခါးမြေ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က လိုက်လံဝေငှလျက်ရှိသည်။
ထိုသို့ လက်ကမ်းစာစောင်များ လိုက်လံဝေငှခြင်းကို မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာစိုးနှင့် ဝန်ထမ်းများက မင်းဘူး မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် လမ်းဆုံလမ်းဂွ လူစည်ကားသည့် နေရာများတွင် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ထဲတွင် ကလေးအလုပ်သမားပပျောက်ရေး၊ ကိုဗစ်-၁၉ ပြန့်ပွားနေသည့် အချိန်မှာ ကလေးငယ်များအား ကလေးအလုပ်သမား ဖြစ်စေခြင်းမှ ကာကွယ်ကြပါစို့။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ၊ ကလေးအလုပ်သမားအသက်အရွယ်၊ သင့်ကြောင့်ကဗျာ၊ ဆိုင်(သို့) ကုန်သွယ်ရေးအလုပ်ဌာနများ၌ အသက် (၁၄) နှစ် မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြု၊ အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူရေး တိုက်တွန်း၍စီစဉ်ပေးပါ။ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ အလုပ်ခန့်မည့် ကလေးများသည် အသက် (၁၄) နှစ်ပြည့်ပြီး ဖြစ်ပါစေ။ ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက်ပြည်သူအားလုံး ဝိုင်းဝန်းကြိုးစားကြပါစို့ ဟူသော ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)