(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊အောင်ရတနာလမ်း (ကွန်ကရစ်)လမ်းသစ် ဖွင့်ပွဲကျင်းပ

ငါးသိုင်းချောင်း   ဖေဖော်ဝါရီ   ၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ အောင်ရတနာလမ်း (ကွန်ကရစ်)လမ်းသစ် ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းပိုင်း၌ ကျင်းပခဲ့ရာ  ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း၀င်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့က ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး အောင်ရတနာလမ်းနေ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားလျက် ကွန်ကရစ်လမ်းသစ်ကို အခမ်းအနား တက်ရောက်လာသောမြို့နယ်နှင့် မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့‌ပေါ်ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများက စုပေါင်းဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်ရတနာလမ်း(ကွန်ကရစ်လမ်း)ကို (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၆)လပါတ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် (၆၆၉)ပေ၊ လမ်း‌ပိုင်းနေပြည်သူများ ပူး‌ပေါင်းထည့်ဝင်မှုဖြင့် (၉၅)ပေ၊ စုစုပေါင်း လမ်းအရှည်ပေ (၇၆၄)ပေ၊ လမ်းအကျယ် (၁၀)ပေ၊ ထု (၈)လက်မကို ခင်းကျင်းဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ငဝန်ရပ်ကွက်၊ ရှမ်းတန်းဆည်ကြီးလမ်း၊ မြို့မရပ်ကွက်၊ ဦးမောင်ငယ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း ခင်းကျင်းပြီးဖြစ်ရာ မြို့တစ်မြို့လုံး အတိုင်းအတာဖြင့် ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှု ရာခိုင်နှုန်း (၅၀)ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရန်ရှိကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပြောကြားထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)