ကြို့ပင်ကောက်မြို့တွင် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲများ ကျင်းပ

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲကို ရန်ကုန်ပြည်ကားလမ်းဘေး မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲကို ဘောလုံးအားကစား ဝါသနာပါသော လူငယ်လူရွယ်များ စဉ်ဆက်မပြတ် လေ့ကျင့်သွားနိုင်ရေး ကျန်းမာကြံ့ခိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲ W ဂိုးကျဉ်းပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘောလုံး W ဂိုးကျဉ်းပြိုင်ပွဲကို မြို့နယ်အတွင်း ဘောလုံးအားကစားဝါသနာရှင် လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး အသင်း (၆) သင်းခွဲကာ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ဆုရရှိသော အသင်းအား (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)