လက်ပံတန်း ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ပံတန်း မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် ကာယစွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်း ပျော်ပွဲရွှင်ပွဲအဖြစ် ကာယစွမ်းရည်ပြိုင်ပွဲများအဖြစ် ကျောင်းသားကျောင်းသူ လေးများက အံသွင်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ဘောလုံးရွေးပြိုင်ပွဲ၊ ရေဘူးဖြည့် ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ (၆၀) ဦးတို့က ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသားကျောင်းသူ ရင်သွေးငယ်များအား ကာယပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန်၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာစသည့် အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ရွယ်တူအုပ်စုများနှင့်အတူ လုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှု ရရှိစေရန်၊ မိမိကိုယ်မိမိ ယုံကြည်စိတ်များ ရရှိစေရန်နှင့် မိဘဆရာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာဖြင့် ပြုစုစောင့်ရှောက်မှု ရရှိစေရန် ရည်ရွယ်၍ လအလိုက် ကာယစွမ်းရည် ပြိုင်ပွဲ၊ ဉာဏစွမ်းရည် ပြိုင်ပွဲနှင့် ပဒေသာ ကပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ပံတန်းမူကြိုကျောင်းအုပ် ဒေါ်ထက်ကေခိုင်ထံမှ သိရသည်။
အဆိုပါ ကာယပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ပြီး ကျောင်းသားကျောင်းသူလေးများအား အစားအသောက်နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)