ချောက် ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အထက(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး က တက်ရောက်လာသော ပညာရေးဝန်ထမ်းများအား မိမိတို့၏ ကျောင်းတွင်း လုပ်ငန်းစွမ်းရည် တာဝန်များကို ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်း ရောက်သူအားလုံး အလေးထား၍ မှတ်သားလိုက်နာကြပါရန်၊ သင်တန်းနှင့် ပတ်သက်သည့် ဘာသာရပ်(၅)ခုတို့အား ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ ၃၁ ရက်နေ့မှစ နံနက် ၁၀ နာရီ ၁၂ နာရီခွဲအထိ သင်တန်းပုံမှန် ပို့ချမည်ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ (စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း၊ ကွန်ပျူတာ၊ ICT) ဘာသာရပ်(၅)ခုကို သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းနည်းပြအဖြစ် မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ အထက(၂)ကျောင်း အုပ်ကြီးတို့မှ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၂၀၁)ကျောင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၂၀၁)ဦးနှင့် စာရေး ဝန်ထမ်း(၂၁)ဦး စုစုပေါင်း(၂၂၂)ဦးတို့အား တစ်လလျှင် ဘာသာရပ်(၃)ခုဖြင့် လစဉ် အထက(၁)ကျောင်း မြရိပ်ညိုခန်းမ၌ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)