အုတ်တွင်းမြို့နယ်၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိရေး စိစစ်ဆောင်ရွက်

အုတ်တွင်း ဩဂုတ် ၂၆

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု(၅၁)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တာဝန်ရှိ သူများက စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သတ်မှတ် ပုံစံများဖြင့် လျှောက်ထားသော မဲဆန္ဒရှင်စာရင်း စိစစ်ခြင်း လုပ်ငန်း များဆောင်ရွက်ရာတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်း ဦးဆောင်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၁)အုပ်စုရှိ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တင်ပြလာသော မဲဆန္ဒရှင်စာရင်း တောင်းဆို မှု ပုံစံ (၃)၊ မဲဆန္ဒရှင်စာရင်း ကန့်ကွက်လွှာပုံစံ (၄)နှင့် မဲဆန္ဒရှင်စာရင်း ပြင်ဆင်လွှာ ပုံစံ (၄-ဂ)များကို မဲဆန္ဒရှင် စာရင်းတွင် ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

အုတ်တွင်းမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၅၁)အုပ်စုတို့တွင် ပုံစံ (၃)ဖြင့် လျှောက်ထားသူ (၈၃၃)ဦး၊ ပုံစံ (၄)ဖြင့် လျှောက်ထားလာသူ (၂၈၂)ဦး၊ ပုံစံ (၄-ဂ)ဖြင့် လျှောက်ထားလာသူ (၇၃၀)ဦးရှိပြီး မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းလုပ်ငန်းများကို ဩဂုတ် (၂၆)ရက်မှ (၃၁)ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဝင်း ထံမှ သိရသည်။

စည်သူ(ပြန်/ဆက်)