ကျောက်ကြီး ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲခန်းမဆောင်၌ ယမန်နေ့ နံနက် ၁၀ နာရီက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲအား မြို့နယ် အခြေခံပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့သည်။
ပြိုင်ပွဲအခမ်းအနားတွင် ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးတင်ဝင်းက မိမိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူ (၁၂) ဦးဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်နှင့် သရုပ်ဖော်စွမ်းရည်များ ရရှိစေရန် ရည်ရွယ်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်အဆင့်မှ ထူးချွန်သူများအား၊ ခရိုင်အဆင့်၊ တိုင်းအဆင့်များတွင် သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ပြီး မြို့နယ်ဂုဏ်ဆောင် နိုင်ရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်း စကားပြောပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြပြီး၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၁၂)ဦး အား ဂုဏ်ပြု ဆုငွေပေးအပ်ခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ မြို့နယ် ပညာရေးမှူး နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား မိဘများ တက်ရောက်အားပေး ကြည့်ရှုခဲ့သည်။
မြို့နယ် ပြန်/ဆက်