ဟားခါး ဖေဖော်ဝါရီ ၁
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်းဦးဆောင်၍ ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ ပြည်သူ ၃၇၂ ဦး၊ ဟားခါးမြို့ပေါ်ရှိ ပြည်သူ ၄၃ ဦး၊ ပေါင်း ၄၁၅ ဦးကို Test Kit ဖြင့် စစ်ဆေးရာ ၃၈ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်း ဦးဆောင်သည့် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီ ၂၇ ဦးအဖွဲ့သည် ဇန်နဝါရီလ ၂၀၊ ၂၉ နှင့် ၃၀ ရက်နေ့များတွင် ဟားခါးမြို့မှ မိုင် ၅၀ ကွာဝေးသည့် ဆူရ်ခွားမြို့ရှိ ပြည်သူ ၂၈၅ ဦး၊ ဟားခါးမြို့မှ ၄၈ မိုင်ကွာဝေးသည့် ဟာအိုဆင်ကျေးရွာရှိ ပြည်သူ ၈ ဦး၊ ဟားခါးမြို့မှ မိုင် ၃၀ ကွာဝေးသည့် ဘွန်လုံကျေးရွာရှိ ပြည်သူ ၇၉ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၃၇ ဦးတွင် လည်းကောင်း၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဟားခါးမြို့ပေါ်ရှိ ပြည်သူ ၄၃ ဦးအား Test Kit ဖြင့်စစ်ဆေးရာ တစ်ဦးတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။
ဟားခါးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့လူနာ ၁၅၇၆ ဦး၊ သေဆုံးသူ ၄၅ ဦး၊ ကျန်းမာရေးကောင်းမွန်၍ ပြန်လည်စေလွှတ်သူ ၁၄၅၂ ဦးရှိပြီး ကျန်းမာရေး စောင့်ရှောက်ကုသနေဆဲ ၇၉ ဦး ကျန်ရှိကာ ဟားခါးမြို့၊ ကာဆင်ခန်းမတွင် ၁၇ ဦး၊ ပြည်သူ့ဆေးရုံကြီး၌ ၈ ဦး၊ လီချာကျေးရွာ နှစ်ခြင်းဘုရားရှိခိုးကျောင်း Quarantine Centre ၌ ၂၂ ဦး၊ ဆူရ်ခွာမြို့ နှစ်ခြင်းဘုရားရှိခိုးကျောင်း Quarantine Centre ၌ ၂၄ ဦး၊ ဟာအိုဆင်ကျေးရွာနှစ်ခြင်းဘုရားရှိခိုးကျောင်း Quarantine Centre ၌ ၆ ဦးနှင့် ဘွန်လုံကျေးရွာနှစ်ခြင်းဘုရားရှိခိုးကျောင်း Quarantine Centre ၌ ၂ ဦး ကျန်းမာရေး စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။
မောင်တက်လမ်း