စေတုတ္တရာ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်သင်ကြား ရာတွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး နေ့စဉ်ဆန်းစစ် ပုံစံထားရှိမှု များအား ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အဆင့်ကြီးကြပ်စစ်ဆေးရေးအဖွဲ့ဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက အခြေခံပညာ အထက်တန်း အဆင့် စာသင်ကျောင်း များဖြစ်သော အ.ထ.က(ကြီးဝ)၊ အ.ထ.က (ဖအိုင်း)၊ အ.ထ.က(ခွဲ) အောက်ဝေါနှင့် အ.ထ.က(ခွဲ)မြေနီကုန်း ကျေးရွာများရှိ ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက် များအတိုင်း လိုက်နာမှု ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြော ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်းတွင် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းအဆင့် အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း (၈)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၁၆)ကျောင်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရ သည်။
စည်သူလွင်(ပြန်/ဆက်)