ကော့သောင်း ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့များက Silent strike (အသံတိတ်သပိတ်) အသံ ထွက် သပိတ်မပြုလုပ်ကြရန် ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စည်ပင်သာယာဈေးများနှင့် အိမ်ဆိုင်များအား သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းချသူများအား ထပ်ဆင့်လိုက်လံအသိပေးမှုများဆောင်ရွက်ကြကြောင်းသိရသည်။
တပ်မတော်မှအာဏာခေတ္တထိန်းသိမ်းသည့် တစ်နှစ်ပြည့်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ လ (၁) ရက်နေ့တွင် Silent Strike (အသံတိတ်သပိတ်) ပြုလုပ်သည့်အနေဖြင့် ဈေးဆိုင်များ ပိတ်ခြင်း မပြုလုပ်ကြရန်၊အသံထွက်သပိတ်မပြုလုပ်ကြရန်၊ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH NUG နှင့်ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်နွယ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ် ၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှုဝါဒဖြန့်မှု များအပေါ် မသိနားမလည်၍ဖြစ်စေကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့် ဖြစ်စေတစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်းလှုံ့ဆော်ဝါဒဖြန့်မှုများကို တစ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ရာဇသတ်သတ်ကြီးဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေများဖြင့် အရေးယူပြီးပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆောင်ရွက်ရာတွင်ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ နှင့်ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင် သောဌာနဆိုင်ရာပူးပေါင်း အဖွဲ့များဖြင့် မြို့ပေါ်ရပ်ကွက်များရှိစည်ပင်သာယာဈေးများ ဖြစ်သည့် မြို့မဈေး၊ နန္ဒဝန်ဈေးရှိ ဈေးဆိုင်များ၊မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အိမ်ဆိုင်များသို့ လှည့်လည်၍ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သတင်းထုတ်ပြန်ချက်အား သိရှိပြီး ကြောင်းရှိမရှိ၊ သတင်းထုတ်ပြန်ချက်အားလိုက်နာဆောင်ရွက်ကြရေး ထပ်ဆင့်လိုက်လံအသိပေး မှုများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)