တနင်္သာရီမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ် အား/ကာ ကော်မတီ ဥက္ကဋ္ဌ ဖလား ဘောလုံး ပြိုင်ပွဲ-ဖွင့်ပွဲကျင်းပ

တနင်္သာရီ  ဇန်နဝါရီ  ၃၁

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီ မြို့နယ် (TSDP) အစီအစဉ်အရ  ကျင်းပပြုလုပ်သော  မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီမြို့-မြို့မအားကစားကွင်း အတွင်း ယနေ့ နံနက် ၇နာရီ၃၀ အချိန်က စည်ကားစွာ စတင်ကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား၌ ရှေးဦးစွာ စစ်ကြောင်းမှူး ဦးမျိုးမျိုးနိုင်မှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ အားကစား သမားများက ကွင်းအတွင်းနေရာယူကြပြီး မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌအား အလေးပြု ခြင်းနှင့်အတန်းအပ်ခြင်းအား ဆောင်ရွက်ပေးသည်။

ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မြို့နယ်အဆင့် အားကစားသမားကောင်း ရွေးချယ်၍ လက်ရွေးစင် အသင်းဖွဲ့စည်းရေးတို့အား အဖွင့်အမှာစကားပြောကြားသည်။

 ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားအသင်း(၈)သင်းတို့မှအားကစားသမားများက အားကစား သစ္စာအဓိဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး စစ်ကြောင်းပုံဖြင့် အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီးနောက် ပွဲဦးထွက် ပွဲစဉ်အဖြစ် ဆင်ခြေဖုန်းအသင်းနှင့် တပ်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိင်ပွဲဝင် အားကစားသမားများ၊ ရပ်ကွက်အတွင်းမှ အားကစား ဝါသနာရှင်များက အားပေးကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲတွင် ချောင်းကြီးရပ်ကွက်အသင်း၊  ချောင်းငယ် ရပ်ကွက်အသင်း၊  ဌာနဆိုင်ရာဝန်ထမ်းများအသင်း၊  ဆင်ခြေဖုန်းကျေးရွာအုပ်စု အသင်း၊ ရေဖြူကျေးရွာအသင်း၊ တမုတ်ချုန်းကျေးရွာအသင်း၊ ရှမ်းအင်းတော်ရွာအသင်းနှင့် တပ်နယ်အသင်း…စသဖြင့် အလွတ်တန်း အမျိုးသားအသင်း(၈)သင်းတို့က (၄)သင်းစီအုပ်စု(၂) စုခွဲပြီး ပတ်လည်စနစ်ဖြင့် တစ်နေ့လျှင် မနက်/ညနေ (၂)သင်းစီ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း