မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့သည် အောင်လံမြို့နယ်၌ ဧရာဝတီမြစ်ကျော် လျှပ်စစ်စီမံကိန်းအားကြည့်ရှုကာ၊ (Oxygen Plant) စက်ရုံ ဖွင့်လှစ်ပွဲ၊ လွှဲပြောင်းပေးအပ်ပွဲနှင့် ကြေးနီချောင်း တံတားဖွင့်ပွဲသို့ တက်ရောက်

အောင်လံ  ဇန်နဝါရီ   ၃၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးတရားဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယမန်နေ့   မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ်သို့ရောက်ရှိကာ ဧရာဝတီမြစ်ကျော် လျှပ်စစ်စီမံကိန်းအားကြည့်ရှု၍ (Oxygen Plant) စက်ရုံဖွင့်လှစ်ပွဲ၊ လွှဲပြောင်းပေးအပ်ပွဲနှင့် ကြေးနီချောင်းတံတား ဖွင့်ပွဲအခမ်းအနား ဆောင်ရွက် ခဲ့ကြောင်း သိရသည်။            

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် ပြလို့မြို့ စကားတောင်ကွေ့အနီး ဧရာဝတီ မြစ်ကျော် လျှပ်စစ်တာဝါတိုင်နှင့် လျှပ်စစ်နန်းကြိုးသွယ်တန်းမှု စီမံကိန်းအားကြည့်ရှုစစ်ဆေးပြီး စက်ရုံရပ်ကွက် ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်ထားသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသော (Oxygen Plant) စက်ရုံအား စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ (Oxygen Plant) စက်ရုံနှင့်ပတ်သက်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံ ဝန်ထမ်းများ၊ Volunteer များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တွေ့ဆုံအမှာစကားပြောကြားပြီး (Oxygen Plant)စက်ရုံအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (Oxygen Plant) အဆောက်အဦအတွင်း စက်ရုံတည်ဆောက် ထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ် မိုးကောင်းကျေးရွာအုပ်စုမိုးကောင်းကျေးရွာအနီးရှိ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြေးနီချောင်း တံတားဖွင့်ပွဲ၌ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကမ္ဗည်း မော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဧည့်သည်တော်များက တံတားပေါ်သို့ ဖြတ်သန်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)