ကော့ကရိတ် ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မာနုဂ္ဂဟစာမေးပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ မြို့မကျောင်းကြီး၏ ဓမ္မဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့် တကွ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် ဌာန ဆိုင်ရာများ၊ မြို့နယ်သံဃနာယကအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်တို့က “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ရန်ကုတ်ဘုန်းတော် ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝီဇယထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး၊ သာသနာရေး ဆိုင်ရာ ကိစ္စရပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက တင်ပြလျှောက်ထားသည်။ (၃၈) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မာနုဂ္ဂဟစာမေးပွဲ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ ဥပစာတန်း၊ မူလတန်းတို့တွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင် ရဟန်း၊ သာမဏေ (၅၃)ပါး၊ သီလရှင် (၁၃)ပါးနှင့် လူပုဂ္ဂိုလ်(၉)ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာ အောင်ဆုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် ကြွရောက်တော်မူလာသော ကော့ကရိတ်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များအား မြို့နယ်သံဃနာယကအဖွဲ့မှ တာဝန်ရှိသူများက ဝတ္ထုငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များနှင့်တကွ ဧည့်ပရိတ်သတ်အပေါင်းတို့က “ဗုဒ္ဓ သာသနံ စိရံ တိဠတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)