မယ်စဲ့ ဇန်နဝါရီ ၃၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဆေးထိုးရန် အကျုံးဝင်သည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြုဆရာမ ဒေါ်မေလေးသန်းနှင့် ကျန်းမားရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ပြီးမှသာ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ် ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့သည်။
မယ်စဲ့မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် လျာထားဦးရေ ၄၂၄၆ ဦးရှိပြီး ပထမအကြိမ် အဖြစ် ၂၂၆၅ ဦး၊ ဒုတိယအကြိမ်အဖြစ် ၂၀၃၆ ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ၁၉၈၁ ဦး ကျန်ရှိကာ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မယ်စဲ့မြို့နယ်၌ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ အသက် (၅၀)နှစ်နှင့်အထက် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ အခြားနိုင်ငံဝန်ထမ်းများအား အပိုဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးရန် လျာထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)