စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော၊ စာစီ စာကုံးနှင့်ကဗျာပြိုင်ပွဲများ အုတ်ဖိုမြို့တွင် ကျင်းပ

အုတ်ဖို   ဇန်နဝါရီ   ၃၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်း စကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့ရာ အုတ်ဖိုမြို့နယ် မှ ကျောင်းသား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို  ကမ္ဘာတည်သရွေ့ခိုင်မြဲစေတို့ပြည်ထောင်စုအမွေ၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြတ်ရေးလူငယ်တာဝန်၊ ပြည်ထောင်စုနှင့်အမျိုးသားရေးတာဝန် ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲကို ပြည်ထောင်စုနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲကို ရွှေရောင်လွှမ်းလို့လှ  ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ကြသည်။

ပြိုင်ပွဲများကို ကျောင်းသား/သူများ စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)