ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးများတွင် နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်များ ဖြန့်ဝေ

ထားဝယ်  ဇန်နဝါရီ  ၃၁

နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်သည့် လှုံ့ဆော်မှုများ အပေါ်  ပြည်သူများအနေဖြင့်လိုက်ပါလုပ်ဆောင်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သဖြင့် ပါဝင်မှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာစျေး၊ ကမ်းနားစျေး၊ ကမ်းနားလမ်းတစ်လျှောက်တွင် နိုင်ငံတော်က ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထားဝယ်မြို့ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက စည်ပင်သာယာစျေးနှင့် ကမ်းနားစျေးများတွင် စျေးရောင်းစျေးဝယ်သူများနှင့် ကမ်းနားလမ်းတစ်လျှောက်ပြည်သူများအား သတင်းထုတ်ပြန်ချက်အားဖြန့်ဝေပေး ခဲ့သည်။

အဆိုပါလက်ကမ်းစောင်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်လန့်၍ဖြစ်စေ လိုက်ပါ လုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ် မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့် မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲဥပဒေများ အရ အရေးယူခံရနိုင်ပါသည်။

ထို့ပြင် ပြစ်မှုနှင့်ပတ်သက်၍ ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက် အုပ်စုများ၊ ၎င်းတို့လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒ ဖြန့်မှုများအပေါ် လိုက်ပါ ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည်တို့ပါဝင်ကြောင်းသိရသည်။

ရွှေပင်လယ်(ထားဝယ်)