ကျုံပျော် သြဂုတ် ၂၆
ကျုံပျော်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးဆောင်ကာ မြို့နယ်အတွင်း ခွေးရူးရောဂါ ကင်းစင်ပပျောက်စေရန် ခွေးအကောင်ရေ(၃၀၀)အား ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေမူဟန်ထံမှ ယနေ့ သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ဇူလိုင်လနှင့် ယခုသြဂုတ်လတို့တွင် အပြီးထိုးနှံပေးခဲ့ကြောင်း၊ ရပ်ကွက်အတွင်းရှိ ခွေးများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ပြီး၊ ကျေးရွာများရှိ ခွေးများကို ကွင်းဆင်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် မွေးမြူသူများ ရောဂါကာကွယ်ရေး သတိပြုနိုင်ရန် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွေးရူးရောဂါသည် အိမ်မွေးတိရစ္ဆာန်ဖြစ်သော ခွေးနှင့်ကြောင်တို့တွင်ဖြစ်ပွားပြီး၊ ခွေးများတွင် ပိုမိုဖြစ်ပွားကာ လူသို့ကူးစက်တတ်ကြောင်း၊ လူတွင် အဆိုပါရောဂါ ကူးစက်ခံရသည်ကို မသိရှိပဲ အချိန်မီ ကာကွယ်ခြင်း မပြုလုပ်ပါက အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် မိမိအိမ်တွင်မွေးမြူထားသော ခွေး၊ ကြောင်စသည့် အိမ်မွေးတိရစ္ဆာန်များကို တစ်နှစ်လျှင် တစ်ကြိမ်ကာကွယ်ဆေးပုံမှန် ထိုးနှံထားရန် လိုအပ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)