ကျိုက်လတ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည် ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ (ယာဘက်) မြောင်းအားပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း သတ်မှတ်အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖူးပွင့်ခင် ကုမ္ပဏီက တူးဖော်လျက်ရှိပြီးခွင့်ပြု ရန်ပုံငွေကျပ် (၄၀.၂၆၀)သန်း အကုန်အကျခံကာ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ (ယာဘက်) မြောင်း အား အလျား(၁၉၅၀၀)ပေ၊ မြေကြီးကျင်း (၁၂၇၉၀) ကျင်း၊ ထိပ်ဝအကျယ်(၁၈)၊ အောက်ခြေအကျယ်(၁၁)ပေ၊ ပျမ်းမျှအနက်(၃.၅)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်း များပြီးစီးပါကအကျိုးပြု စိုက်ပျိုးမြေဧက (၈၀၀)ဧကအတွက် စိုက်ပျိုးရေများပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆန်စပါးအဓိက စိုက်ပျိုးသည့် ဒေသဖြစ်သဖြင့်ဆန်စပါးစိုက်ပျိုးရန်အတွက် ရေများပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ခွင့်ပြု ရန်ပုံငွေများဖြင့် မြောင်းများပြန်လည် တူးဖော်ပေးခြင်း၊ ရေပေးပြွန်များ အသစ်ပြောင်းလဲ တပ်ဆင်ပေးခြင်းနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်
မြို့နယ်( ပြန်/ဆက်)