ဟင်္သာတ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လူဝန်မူကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီချိန်တွင် ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ခရိုင်လဝကမှုး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝေ၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သိင်္ဂိရွှေနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ခရိုင်လဝကမှူး ဦးမြင့်ဝေမှ “ မိမိတို့ လဝကဝန်ထမ်းများအနေဖြင့် ၂၀၂၁ မေ ၃ ရက်နေ့မှစတင်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်များသည် ပြည်သူများအတွက် မရှိမဖြစ်ကိုင်ဆောင်သင့်ကြောင်း၊ မိမိတို့အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ခရီးလွန်၊ ဝန်ထမ်း၊ သာသနာနွယ်ဝင်နှင့် သေဆုံးသူများအပ မြေပြင်တွင်မကျန်ရှိအောင် စိစစ်ဆောင်ရွက်ပေးနေကြောင်း၊ ဟင်္သာတခရိုင် အတွင်းနေထိုင်သည့် မည်သူကိုမဆို ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး မိမိတို့လဝကမှ ဆောင်ရွက်ပေးနေကြောင်း၊ လိုအပ်သည့်အခက်အခဲများရှိပါက မိမိတို့ဌာနများသို့ ဆက်သွယ်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုလိုကွင်းဆင်းဆောင်ရွက်ရာတွင် ဟင်္သာတတက္ကသိုလ် ဝန်ထမ်းများမှ တက်ညီလက်ညီကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကတ်ပြားများ ပျက်ဆီးပျောက်ဆုံးမှုမရှိစေရေး ´´ဂရုပြု ထိန်းသိမ်းရမည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က) ၊ ၆(က) ၊ လဲလှယ်၊ မိတ္တူ တို့ကို ကျား(၄၁)ဦး၊ မ (၁၁၈)ဦး စုစုပေါင်း ၁၅၉ ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးစိုးမြင့်အောင်ထံမှ သိရသည်။
ကိုဇော် (ဟင်္သာတ )