ကျိုက်လတ် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ(ယာဘက်)မြောင်းအား ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ သတ်မှတ်အချိန်အတွင်း သတ်မှတ် အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဖူးပွင့်ခင် ကုမ္ပဏီက တူးဖော်လျက်ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် (၄၀.၂၆၀)သန်း အကုန်အကျခံကာ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ (ယာဘက်) မြောင်းအား အလျား (၁၉၅၀၀)ပေ၊ မြေကြီးကျင်း (၁၂၇၉၀) ကျင်း၊ ထိပ်ဝအကျယ် (၁၈)၊ အောက်ခြေအကျယ်(၁၁)ပေ၊ ပျမ်းမျှအနက်(၃.၅)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြီးစီးပါက အကျိုးပြု စိုက်ပျိုးမြေဧက(၈၀၀)ဧကအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကျိုက်လတ်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆန်စပါးအဓိက စိုက်ပျိုးသည့်ဒေသ ဖြစ်သဖြင့် ဆန်စပါးစိုက်ပျိုးရန်အတွက် ရေများ ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြု ရန်ပုံငွေများဖြင့် မြောင်းများ ပြန်လည် တူးဖော်ပေးခြင်း၊ ရေပေးပြွန်များ အသစ်ပြောင်းလဲ တပ်ဆင်ပေးခြင်းနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဌေးဌေးလှိုင်