ဇလွန် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော နိုင်ငံတော်မှ ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါး စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး (ပုလဲ)ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းက နိုင်ငံတော်မှ ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါး စိုက်ပျိုးလုပ်ကိုင် သည့် တောင်သူများအား စျေးနှုံးသက်သာစွာဖြင့် ဖြန့်ဖြူးပေးသည့် (ပုလဲ)ဓာတ်မြေသြဇာများအား တောင်သူတိုင်းရရှိနိုင်ပြီး လက်ရှိယူရီးယား စျေးနှုံးကြီးမြင့်မှုမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖြန့်ဖြူးပေးအပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းလွင်ဦးက ဓာတ်မြေသြဇာ ဖြန့်ဖြူးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက နွေစပါး စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ် ခဲ့သည်။ ဇလွန်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ဧက၂၉၈၂ ဧကကျော်ခန့် စိုက်ပျိုးထားလျက်ရှိပြီး နှစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်နှုန်း ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ