ဘားအံပညာရေးဒီဂရီကောလိပ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ဘားအံ  ဇန်နဝါရီ   ၃၀

နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် သဘောပေါက်စေပြီး ပြည်ထောင်စုစိတ်ဓာတ်များ အစဉ်ကိန်းအောင်းရှင်သန်နေစေရေးအတွက် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်များအပေါ် သက်ဝင်ယုံကြည်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ယခုကျပန်းစကားပြောပြိုင်ပွဲမှ ရရှိသည့်အတွေ့အကြုံများကို အခြေခံပြီး ကျောင်းသားသူငယ်များကို အပြောအဆိုစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေ ရန်၊ ဘာသာစကား အပြော၊ အဆိုနှင့် စာဖတ်စွမ်းရည်ကျွမ်းကျင်မှုများ ရရှိလာစေရန်  လေ့ကျင့်ပျိုးထောင်ပေးကြရ မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလတွင် နိုင်ငံကြီးအချို့နှင့်အဖွဲ့အစည်းအချို့သည် ပြည်‌ထောင်စုမြန်မာနိုင်ငံတော်ကြီး ပြိုကွဲအောင် နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်နေကြတာကိုလည်း သင်တန်း သား၊ သင်တန်းသူများ အားလုံးက သတိချပ်စေလိုကြောင်း၊ ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်မှု ရှိဖို့သည် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားညီအကိုမောင်နှမအချင်းချင်း ဥမကွဲ၊ သိုက်မပြတ်နေထိုင်သွားကြပြီး ပြည်ထောင်စုကိုကာကွယ်စောင့်ကြမည်ဆိုသည့်အသိစိတ်ကို မိမိသာမက မိမိပျိုးထောင်လေ့ကျင့်ပေးရမည့် မျိုးဆက် သစ်ကျောင်းသားလူငယ်များ၏ ရင်ထဲသို့ ရောက်အောင် ပို့ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် မြန်မာစာဌာန ပါမောက္ခဒေါ်သီသီဝင်းက ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းများအား ဖတ်ကြားရှင်းလင်းပြီး ညီနောင်တစ်စုတည်ထောင်ပြုသည့် ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ပြိုင်ပွဲအား ကျင်းပရာ ဘားအံပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊သင်တန်းသူ (၉)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ ကထိက္ခ၊ ဌာနမှူးများ၊ သင်တန်းသား၊သင်တန်းသူများက ကြည့်ရှု့အားပေးခဲ့ကြသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများက သွေးရင်းများပီပီ တေးသီချင်း၊ မြန်မာ့ကြွေးကြော်သံတပင်တိုင်အကတို့ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယ ကျောင်းအုပ်ကြီးက ဆုရရှိသူများ အမည်စာရင်းကို ကြေညာပေးခဲ့ကာ အဆိုပါဆုရရှိသူများအား (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံပညာရေးဒီဂရီ ကောလိပ် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး တရားမျှတ၊ ပြည်ထောင်စု အလှခေါင်းစဉ်ဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ဘားအံပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် အနေဖြင့် ဘိုးဘွားပေးဝေချစ်အမွေ ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ပြည်ထောင် စုသန္ဓေ၊ လွတ်လပ်အမွေခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲကို သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး၊ ပြည်ထောင်စုအမွေ၊ လွတ်လပ်ရေးအဓွန့်ရှည်ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကို သင်တန်းသား၊ သင်တန်းသူ ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသူများအား ဘားအံမြို့၊ သီရိကွင်းတွင်ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)