နတ်မောက် ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများစျေးကောင်းရရှိကြောင်း သိရသည်။
ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန်နှင့် နွေနှင့်ဆောင်းရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန် ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၂) လအကြာ တွင် ဖူးစပြုပြီး (၃) လအကြာတွင် ခုတ်၍ရောင်းချရသည်။ လက်ရှိဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေးတစ်ဖူးလျှင် ၂၅၀ ကျပ် လက်ကားစျေးတစ်ဖူးလျှင် ၂၀၀ ကျပ်ရောင်းချရသည်။ ပြောင်းဖူးပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်ပြီး ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ (၃) မျိုးရှိပြီး ပြောင်းကြမ်းမှာ တိရိစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် ကျဲပတ်ခြင်း၊ အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း စသည့် နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်း လင်းခြင်းများပြုလုပ်ပေးနိုင်သည့်အတွက် အပင်များပိုမိုကြီးထွားသန်မာစေသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် အဖူး (၁၀၀၀) ခန့်ထွက်ရှိပြီး တစ်ပင်ကို (၃) ဖူးအထိဖူးကြောင်း အင်းကုန်းကျေးရွာနေ ဖူးစားပြောင်းစိုက်ပျိုးရောင်းချသူ ဦးစောရန်နောင်ထံမှ သိရသည်။
သင်းသင်းမြတ်