သာယာဝတီ ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သတင်းအမှန်၊ သတင်းအမှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အ.ထ.က(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သတင်းအမှန်၊ သတင်းအမှား ခွဲခြားနိုင်ရေး အသိပညာပေး ဟောပြောရာ ယခုလတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ များပေါ်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် သတင်းအမှန်၊ သတင်းအမှား ခွဲခြားနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ဟောပြောပွဲ အတွေ့အကြုံများကို လက်ဆင့်ကမ်း မျှဝေစေလိုကြောင်း၊ မီဒီယာ၏အဓိပ္ပါယ်၊ မီဒီယာအမျိုးအစားများ၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိရှိနားလည်မှု၊ သတင်းနှင့် သတင်းအချက်အလက်၊ သတင်းအမှားခွဲခြားနည်းနှင့် သတင်းတုမှန်း သိရှိစေနိုင်မည့် နည်းလမ်းများနှင့် သတင်းတုမှန်း သိသာစေမည့် နည်းလမ်း(၈)မျိုး၊ သတင်းမီဒီယာများအကြောင်း၊ သတင်းမီဒီယာ ကျင့်ဝတ်၊ သတင်းကောင်း၊ သတင်းမှန် ရွေးချယ် တတ်စေရေး အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(၁) သာယာဝတီမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းအေးနှင့် (Grade-7)နှင့် (Grade-8)ရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သန့်ဇော်