ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အ.လ.က(မြောက်ကုန်း)ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အ.လ.က(မြောက်ကုန်း)ကျောင်းတွင် ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီခွဲအချိန်က အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာသို့ ဂန့်ဂေါမြို့နယ် ကျန်းမာရေးမှူး ဦးစန်းဝင်းက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ထားခြင်း၏ အရေးပါမှုများကို ပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ကြရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်လဝကမှူး ဦးမင်းစိန်ဦး ဦးဆောင်၍ ဝန်ထမ်းများသည် အိမ်ထောင်စုစာရင်းရှိ၍ ကိုင်ဆောင် လက်မှတ်မရှိသေးသော အသက်(၁၀)နှစ်အထက် ကျောင်းသား(၁၅)ဦးနှင့် ကျောင်းသူ(၂၁)ဦး စုစုပေါင်း (၃၆)ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး အခြားကျောင်းများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်