တမူး ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ ဝန်ထမ်းအိမ်ယာတွင် မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းအိမ်ယာအတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အတူနေမိသားစုဝင်များ (၇၅)ဦးတို့ကို စစ်ဆေးပေးခဲ့ရာ(၁၇)ဦးတွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိသူများအား သီးခြားစောင့်ကြပ်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည် နှင့် ဝန်ထမ်းများ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး မိုဘိုင်းစနစ်ဖြင့် ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ယခုအခါ တမူးမြို့နယ်အတွင်း ဇန်နဝါရီလ(၁၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကိုဗစ်ရောဂါ ဖြစ်ပွားသူ(၂၇၁)ဦး အထိ ရှိလာပြီဖြစ်သဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်အတွက် မြို့နယ်အတွင်း နေ့စဥ် အသံချဲ့စက်များဖြင့် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျော်ကြီး