ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးလုံခြုံစေရေးအတွက် ရပ်ရွာ‌အေးချမ်း သာယာရေး ၊ တရားဥပဒေစိုးမိုးရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ အနေဖြင့် မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ၊ နယ်မြေလုံခြုံရေး ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ဆေးထိုး အကြိမ်ရေပြည်မီအောင်  ထိုးနှံကြရန် လိုအပ်ကြောင်း၊ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိကြစေလိုကြောင်း ၊ ထို့အပြင် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ ရပ်ရွာအေးချမ်းသာယာမှု ရှိစေရေး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို သိရှိလိုက်နာပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့်  စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက  ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)