လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး

မြန်အောင် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည့် မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီး လမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများ၏ ဒေသထွက်ကုန်စည်စီးဆင်းမှု ကောင်းမွန် တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)၊ တံတား တည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)က ၂၀၁၉-၂၀၂၀၊ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံ ငွေ (၆၃၁.၀၀)သန်းဖြင့် တာဝန်ယူတည်ဆောက်သော မြန်အောင်မြို့နယ် ထူးကြီး-ရွှေ ကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားကို တံတားအရှည် ၂၄၀ ပေ ( ပေ ၆၀ -၄ ခန်း) ၊ တံတားအကျယ် ၂၀ ပေ၊ Bored Pile အုတ်မြစ်အောက် ခြေထည်နှင့်အပေါ်ထည်သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားရေလမ်းကင်းလွတ် အကျယ် ၁၈. ၂၈ မီတာ၊ အမြင့် ၀.၉ မီတာနှင့် ယာဉ်တစ်စီးချင်း ၃၆ တန် တံတားခံနိုင်ဝန် ရှိကြောင်းသိရသည်။  

သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတားကို ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေး နှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ (၄၀၅.၀၀)သန်းဖြင့်တံတားအရှည် ၁၂၀ ပေ ( ပေ ၆၀ -၂ ခန်း)၊ တံတား အကျယ် ၂၀ ပေ၊ Bored Pile အုတ်မြစ်အောက်ခြေထည်နှင့် အပေါ်ထည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားရေလမ်းကင်းလွတ် အကျယ် ၁၈. ၂၈ မီတာ၊ အမြင့် ၀.၉ မီတာနှင့် ယာဉ်တစ်စီးချင်း ၃၆ တန် တံတားခံနိုင်ဝန်ရှိကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်) ထံမှသိရသည်။

   အဆိုပါ မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားနှင့်သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး၍ မြန်အောင်မြို့နယ်တောင်ဘက် ဧရာဝတီမြစ် အနောက်ဘက်ရှိ ရွှေကျင်တိုက်နယ်နှင့် သပြေကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ ကျေးလက်နေပြည်သူများ ဟင်္သာတ-မြန်အောင်ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းမသို့ ဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့်ကျေးလက်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် တံတားများ ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)