ဘုတ်ပြင်း ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က ဟံကပြုကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့်၊ အိမ်ထောင်စုစာရင်းတို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၊“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင် ရွက်ပေးလျက်ရှိသော ပန်းခင်းစီမံချက်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် တက်ရောက်လာသူများအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များ၊ ကျေးရွာများနှင့် စက်ရုံ၊ အလုပ်ရုံများထံ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုးထံမှ သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)