မြောင်းမြ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်းကျောင်းအား အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ အချိန်တွင် ဘုရားချောင်း(ရပ်)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်လှစ်ပွဲအခမ်းအနားတွင် ပထမဦးစွာ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်နှင့် ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်း(လွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆိုင်းဘုတ်အား အမွေးနံ့သာများဖြင့် ပက်ဖျန်းကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။
ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာ စကားပြောကြား ပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျောင်းမှတာဝန် ရှိသူအသီးသီး တို့က ဂုဏ်ပြုစကားများ ပြောကြားကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က ကျေးဇူးတင်စကားကို ပြောကြားသည်။
ဆက်လက်ပြီး ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်း(လွန်)ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်သည့် အထိမ်းအမှတ်အလံအား မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က အပ်နှင်းသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေပြီး အခမ်းအနား နံနက် ၁၁ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။
ဘုရားချောင်း(ရပ်) အခြေခံပညာ မူလတန်း(လွန်)ကျောင်းသည် ယခုနှစ်တွင် ဧရာဝတီတိုင်း အတွင်း၌ မူလတန်း(လွန်)ကျောင်းအဖြစ် တိုးမြှင့်ခံရသည့် တစ်ကျောင်းတည်းသော ကျောင်းဖြစ် ပြီး၊ အခမ်းအနားကို မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ်ပညာရေး ဌာနမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်ဆက်