မြိတ် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအား ကိုဗစ်ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များ ထပ်မံရောက်ရှိလာခဲ့သည်။
ထပ်မံရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေး Covishield (၇၀၄၃၀)နှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်နွဲ့က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ သတ်မှတ်အရေအတွက်များအတိုင်း ဆက်လက်ဖြန့်ဖြူးပေးအပ်ခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မြိတ်ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးရန် လျာထားဦးရေသည် (၄၉၁၉၇၃)ဦးရှိပြီး ဇန်နဝါရီ (၂၉)ရက်နေ့အထိ ကာကွယ်ဆေးနှစ်ကြိမ် ဆေးထိုးနှံပြီးသူသည် (၂၉၉၇၉၉)ဦးရှိပြီဖြစ်၍ (၆၁)ရာခိုင်နှုန်းရှိပြီဖြစ်ကာ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီး သူဦးရေသည်(၃၄၆၂၅၃)ဦးရှိ၍ (၇၀)ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )