ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်တုန်း  ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မိမိတို့မြို့နယ်အတွင်းသို့ ကူးစပ်ပြန့်ပွားမှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ရမည့် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီများကို ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် အခက်အခဲများရှိပါက ပြန်လည် ဆွေးနွေးရန် အကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးကော်မတီတို့မှ တာဝန်ရှိသူများက ဈေးအတွင်းအပြင်၊ မြို့တွင်း၊ ကားလမ်းဝဲယာ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအား ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးမည့်အကြောင်း၊ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရမည်ဆိုပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေး လုပ်ငန်းအကြောင်း၊ KTV Barများ ဖွင့်လှစ်ခြင်းအား ခွင့်မပြုရန်နှင့် သတ်မှတ်ညွှန်ကြားချက်များအား လိုက်နာမှုရှိစေရန် ဆောင်ရွက်သွားမည့် အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)